ဂရေဟမ်ပေါ်တာက ယမန်နေ့ည ဖူလ်ဟမ်နဲ့ပွဲစဉ်မှာ တိုက်ရိုက်အနီကတ်နဲ့ထုတ်ပယ်ခံခဲ့ရတဲ့ တိုက်စစ်မှူးသစ် ဂျာအိုဖီးလစ်အပေါ် ဘာအပြစ်တင်စရာမှမရှိပေမယ့် အနီမထိခင် ကစားသမားရဲ့ခြေစွမ်းအပေါ် အားရကျေနပ်မှုရှိကြောင်း ပြောခဲ့ပါတယ်။

ဖီးလစ်ဟာ ယနေ့ညက ဖူလ်ဟမ်နဲ့ပွဲစဉ်မှာ ချဲလ်ဆီးအတွက် စတင်ပွဲထွက်ခွင့်ရခဲ့ပေမယ့် ပြိုင်ဘက်ကစားသမား တီတီကို ကစားပုံကြမ်းခဲ့တာကြောင့် တိုက်ရိုက်အနီကတ်နဲ့ထုတ်ပယ်ခံခဲ့ရပါတယ်။

ချဲလ်ဆီးကစားသမားဟောင်း ဝီလီယံက ဖူလ်ဟမ်အတွက် ဦးဆောင်ဂိုး သွင်းပေးခဲ့ပြီး ကူဘီဘာလေက ခြင်္သေ့ပြာတွေ အတွက် ချေပဂိုး ပြန်သွင်းပေးခဲ့ပါတယ်။ ဖူလ်ဟမ်က ဖီးလစ်ထွက်သွားပြီးနောက်ပိုင်း ပွဲကိုစိုးမိုးသွားခဲ့ပြီး ဗင်နီစီးယက်စ်က ခေါင်းတိုက်ဂိုးနဲ့အတူ အသင်းအတွက် အနိုင်ဂိုးသွင်းပေးခဲ့ပါတယ်။

ပွဲအပြီးမှာ ပေါ်တာက “အရာအားလုံးက မှားယွင်းသွားနိုင်တယ်ဆိုတာ ဒါက သက်သေပြလိုက်တာပါပဲ။ ဒါက ဖီးလစ်ရဲ့ ဘောလုံးယှဉ်လုဖို့ လျောထိုးဖျက်ထုတ်မှုဖြစ်ပြီး နာကျင်စေချင်စိတ်မရှိပေမယ့် ဘာကြောင့် အနီကတ်ဖြစ်သွားလဲဆိုတာ ကျွန်တော် နားလည်ပါတယ်။ ဒါက လက်ရှိကြုံတွေ့နေရတဲ့ အခက်ခဲတွေကြား နောက်ထပ်ထိုးနှက်ချက်တစ်ခု ဖြစ်ပါတယ်”

“သူက ဒီပွဲမှာ အကောင်းဆုံး ကစားနေပြီး သူ့ရဲ့အရည်အချင်းတွေကို မြင်နိုင်တာကြောင့် အခုသူထွက်သွားရတာက ကျွန်တော်တို့အတွက် စိတ်ပျက်စရာပါပဲ။ သူ နာကျင်စေလိုစိတ်မရှိပေမယ့် သူ့ကို ကျွန်တော်တို့ နောက်၃ပွဲ ဆုံးရှုံးရပါတော့မယ်”လို့ ပြောခဲ့ပါတယ်။

ချဲလ်ဆီး အသင်းဟာ ယခုအချိန်မှာတော့ ပြိုင်ပွဲစုံနောက်ဆုံး ၁၀ ပွဲ ကစားရာမှာ ၂ပွဲသာ နိုင်ခဲ့ပြီး ပရီးမီးယားလိဂ်မှာလည်း အဆင့်၁၀ နေရာမှာသာ ရပ်တည်ထားနိုင်ခဲ့ပါတယ်။